ဆုတ်ဖျက်ဖန်ဆင်း၊ အပြစ်ကင်းမဲ့
ချစ်ခြင်းနဲ့အတူ၊ ချစ်သူထံပါး
တစ်စင်းမြားလို၊ သွား၍ထိုးစိုက်
ခင်မကြိုက်လျှင်၊ ယူငင်လွှင့်ပစ်
ခင်နှစ်သက်သလိုပြုနိုင်သည်။
ဒါပေမဲ့ခင်
ကြင်နာသနား၊ နားလည်ထားပါ
ထိုမြားတစ်စင်း၊မုန်းခြင်းကင်းမဲ့
ချစ်ခြင်းနှင့်တည်၊ မောင့်ရင်ဆီမှ
ပြယုဂ်တစ်ခု၊ သမုဒယအလှ
နှလုံးသားမှ ကဗျာတစ်စဖြစ်သည်။
သည်တော့လည်းခင်
မကြင်နာစွန့်၊ ခင်ခွာဝံ့မလား
ထိုမြားတစ်စင်း၊ ကျွမ်းမြိုက်ခြင်းမဲ့
မုန်းခြင်းမရှိ၊ ချစ်ခြင်းပြည့်စွာ
ထာဝရစကား
နှလုံးသားမှ လာသည့်အရာ
ကြာရှည်ကာလ၊ နက်ရှစူးနစ်
ထိုးဝင်ရစ်၍
ချစ်သူ့နှလုံးသားမှာ
(အစဉ်ထာဝရ.........)
အမုန်းများစွာ မေ့စေသတည်း။ ။
သားလတ်
(၁၉၉၄ခုနှစ်-မတ်လ၊ ရွှေသမင်မဂ္ဂဇင်း)
( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
အဖြူရောင်လမ်းကလေး ဘလော့ဂ်မှ လျှောက်လှမ်းခွင့် ပြုပါ..............
No comments:
Post a Comment